ရခိုင်ပြည်နယ်အတွင်း ဒေသန္တရ ဒီမိုကရေစီနှင့် ကျားမတန်းတူညီမျှမှုဆိုင်ရာ လမ်းစဖောက်သူများ

2018- September 24

အများသဘောဆန္ဒပြု မြို့နယ်စီမံကိန်းရေးဆွဲမှုဆိုင်ရာ အခွင့်အလမ်းများ၏ ရှေ့ဆောင်လမ်းပြ အမျိုးသမီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ

အများသဘောဆန္ဒပြု မြို့နယ်စီမံကိန်းရေးဆွဲမှုဆိုင်ရာ အခွင့်အလမ်းများ၏ ရှေ့ဆောင်လမ်းပြ အမျိုးသမီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ

ဒေါ်စောရီနှင့် ဒေါ်အုန်းရွှေတွင် တူညီမှုများစွာရှိသော်လည်း မကြာသေးခင်အချိန်အထိ လမ်းချင်းမဆုံခဲ့ကြပေ။ အသက် ၅၀ ကျော် ကိုယ်စီရှိကြပြီဖြစ်သော ထက်မြက်သည့် မိန်းမသား နှစ်ဦးကို ၂၀၁၈ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် စတင်ကူးပြောင်းချိန်မှဆိုလျှင် တတိယအကြိမ်ဖြစ်သော ဒေသတွင်းရွေးကောက်ပွဲ၌ သက်ဆိုင်ရာ နယ်မြေခံလူထုက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

သံတွဲမြို့နယ်ရှိ ကျောင်းတိုက် အစ္စလာမ်ဘာသာကိုးကွယ်သူများအသိုင်းအဝိုင်း၏ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ဒေါ်အုန်းရွှေ ရွေးချယ်ခံရသည်မှာ ၂ ကြိမ်တိုင်တိုင် ရှိပြီ ဖြစ်ကာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၂ ဦးတွင် တဦးတည်းသော အမျိုးသမီးဖြစ်သည်။ ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူး ဒေါ်စောရီသည်လည်း ရမ်းဗြဲမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၃ ဦး အနက် တဦးတည်းသော အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်သည်။ ၎င်းတို့၏ အခန်းကဏ္ဍသစ်ကို ပြောပြသည့်အခါ နှစ်ဦးလုံး၏ အပြုံးများက ရှားပါးသည့်အောင်မြင်မှုကို ကိုယ်စားပြုနေသည်။ ယင်းသို့ဖြစ်ရန်လည်း အကြောင်းပြချက်ကောင်းရှိသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအဖြစ် ရှားရှားပါးပါး ရွေးကောက်ခံရသော အမျိုးသမီးများတွင် ပါဝင်ခြင်းကြောင့်ပင်ဖြစ်သည်။ နောက်ဆုံးရွေးကောက်ပွဲအပြီးတွင် လူပေါင်း ၁၆၈၂၉ အနက် ၁၀၁ ဦးသာ အမျိုးသမီးများ ဖြစ်ကြသည်။

နိုင်ငံများစွာ၌ နိုင်ငံရေးစင်မြင့်ပေါ်တွင် အမျိုးသမီးများအား ကိုယ်စားပြုမှုနည်းပါးသည် ဆိုသော်လည်း မြန်မာနိုင်ငံတွင်မူ အခြေအနေက အပူတပြင်းဆောင်ရွက်ရန်လိုအပ်နေသည်။ ဒေသန္တရအုပ်ချုပ်ရေးတွင် ပါဝင်ဆောင်ရွက်ရာ၌ တွေ့ကြုံရသည့်အဟန့်အတားများကို သူမတို့ နည်းတူ ကြိုးစားဖြေရှင်းနေသည့် အမျိုးသမီး နယ်မြေခံအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း UNDP က ဆောင်ရွက်လျက်ရှိသည်။

သက်ဆိုင်ရာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အရာထမ်းများနှင့် ဆွေးနွေးရာတွင် လူထု အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မည့် အမျိုးသမီးများ၏စွမ်းဆောင်နိုင်မှုအပေါ် လူအများက မျှော်မှန်းချက်ကြီးကြီးမားထားရှိကြသည်။ ကျောင်းတိုင် နှင့် ကရွတ်ဖြေက မည်မျှနေချင့်စဖွယ် ဖြစ်လာမည်ဆိုသည့်အပေါ် ထောက်ရှု၍ ၎င်းတို့၏အောင်မြင်မှုအားတိုင်းတာမည်ဖြစ်သည်။

အများသဘောဆန္ဒပြု မြို့နယ်စီမံကိန်းရေးဆွဲမှု တိုင်ပင်အကြံပေးဆွေးနွေးပွဲ။ ဓါတ်ပုံ - UNDP/အန်ကီ ဒဲလ်နာ့စ်

အများပြည်သူပါဝင်လာနိုင်ရေးအတွက် အတားအဆီးများအား ဖယ်ရှားပေးခြင်း

မြန်မာ့ ဌာနဆိုင်ရာ ကန့်သတ်ပြဋ္ဌန်းချက်များအရ မလွယ်ကူပါ။ ဗဟိုဦးစီးစနစ်လျော့ချရေးမှာ သန္ဓေတည်ကာစပင်ရှိသေးသည့်အတွက် အစစ်အမှန်ပါဝင်မှုပြုနိုင်ရန်နှင့် အားလုံးတန်းတူပါဝင်သောစီမံကိန်းရေးဆွဲနိုင်ရန် အခွင့်အရေး နည်းပါးမှုနှင့်အတူ သယံဇာတခွဲဝေချထားမှုမှာလည်း ပြည်ထောင်စုမှဒေသအဆင့်သို့ စုန်ဆင်းသည်။ အကျိုးဆက်အနေဖြင့် မြေပြင်အနေအထားအရ အပူတပြင်းလိုအပ်မှုများအား အရေးတယူပြုဆောင်ရွက်ရန်အတွက် ရှားပါးသယံဇာတများအား မည်သို့ဦးစားပေးရမည် ဆိုသည်နှင့်ပတ်သက်ပြီး ရပ်ရွာလူထု ကိုယ်စားပြုသူများအနေဖြင့် ဝင်ရောက်ပြောဆိုနိုင်မှု မရှိသလောက်ပင်။ ဝန်ကြီးဌာနတိုင်းက ၎င်းတို့၏ ပြည်သူ့ဝန်ဆောင်မှုများကို [သီးခြားစီ] စီမံခန့်ခွဲနေသည့် ထီးတည်းချဉ်းကပ်မှု (siloed approach) က ပူးပေါင်းပါဝင်ရန်အတွက် ကရိကထများစေသည့် စနစ်တခုဖြစ်စေသည်။

ထို့အတွက်ရလာသည့်အကျိုးဆက်အနေဖြင့် လုပ်ပိုင်ခွင့်မရှိဟု လူအများ ခံစားလာရခြင်း ၊ ပြည်သူ့ဝန်ဆောင်မှုများစွာအား ပံ့ပိုးပေးရာနှင့် ပြည်သူနှင့်အစိုးရထိတွေ့ရာနေရာဖြစ်သော မြို့နယ်များတွင် ဒေသတွင်း ဆုံးဖြတ်ပိုင်ခွင့် အာဏာ ၊ လူအများအတွက် ဦးစားပေး ဆောင်ရွက်ရန်များနှင့် လိုအပ်ချက်များအား အရေးတယူဆောင်ရွက်မှုပြုနိုင်မည့် အရပ်ရပ်ဆိုင်ရာ/ကဏ္ဍစုံအကျုံးဝင်သည့် ရန်ပုံငွေ နှင့် ပြောင်းလဲသုံးစွဲနိုင်သောရန်ပုံငွေများ မရှိခြင်းတို့ ဖြစ်သည်။

UNDP ၏ ချဉ်းကပ်မှုနည်းလမ်း - ဒီမိုကရေစီနည်းလမ်းကျ ဒေသန္တရအုပ်ချုပ်ရေး  

ဂျပန်နိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ်အတွက် ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ အစပျိုးဆောင်ရွက်မှုဖြစ်သော ဒီမိုကရေစီနည်းကျ ဒေသန္တရအုပ်ချုပ်ရေး မြို့နယ်စီမံချက် (TDLG) အပြင် ရခိုင်ပြည်နယ်ရှိ ရှုပ်ထွေးသော ဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်ချက်များအနက် အမျိုးသမီးအပေါင်း ကြုံတွေ့နေရသည့် တန်းတူညီမျှမှုမရှိမှုအား ဖြေရှင်းရေးအတွက် UN Women နှင့် ပူးတွဲပရိုဂရမ်မှ လုပ်ငန်းခွဲတခု၏ ကျေးဇူးဖြင့် ဤအခြေအနေများ စတင်ပြောင်းလဲ လာနိုင်ဖွယ်ရှိသည်။

အစိုးရနှင့်ပြည်သူအကြား ဒီမိုကရေစီဆက်ဆံရေး၏ နှလုံးသည်းပွတ်တွင် တာဝန်ခံတတ်သော ၊ ထင်သာမြင်သာရှိသော အများပြည်သူအသုံးစရိတ်စနစ် ရှိသည်။ ပြောင်းလဲသုံးစွဲနိုင်သောရန်ပုံငွေ ပံ့ပိုးပေးခြင်းဖြင့် အများပြည်သူဝန်ဆောင်မှုကို အားလုံးတန်းတူပါဝင်နိုင်ပြီး တာဝန်ခံမှုရှိကာ ပွင့်လင်းမြင်သာသော ပုံစံဖြင့် လူအများထံ ထိထိရောက်ရောက်နှင့် စစ်စစ်စီစီပံ့ပိုးပေးသော အရေးတယူတုံ့ပြန်ဆောင်ရွက်တတ်သည့်မြို့နယ်အုပ်ချုပ်ရေး တခု နေရာတကျဖြစ်လာစေရန် UNDP က မြို့နယ်များအား ကူညီပေးလျက်ရှိပါသည်။

လုပ်ငန်းဆောင်ရွက်ပုံကို ဒေါ်အုန်းရွှေက ရှင်းလင်းပြောပြသည်။

နယ်မြေခံအဆင့်တွင် ရှားရှားပါးပါးအနေဖြင့် “အများသဘောဆန္ဒပြုမြို့နယ်စီမံကိန်းရေးဆွဲမှု တိုင်ပင်ဆွေးနွေးပွဲက မြို့နယ်ဦးစီးဌာနတွေ ၊ ပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် လွှတ်တော်အဖွဲ့ဝင်တွေကို စုရုံးစေပြီး ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လစ်ဟာချက်တွေနဲ့ လူထုရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်သတ်မှတ်ဖြစ်စေပါတယ်။” ဒီအတွက် ရလဒ်ကတော့ ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် မြန်မာကျပ်ငွေ ၆၉၆၁၀၂၀၀၀ (အမေရိကန်ဒေါ်လာ ၄၅၀၀၀၀ ခန့်) ကို ကျမတို့ မြို့နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးမှာ ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်စောရီ၏ အတွေ့အကြုံမှာလည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ “မြို့နယ်တာဝန်ရှိသူတွေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးရတာဟာ အလွန်ကိုအသုံးဝင်တဲ့ အတွေ့အကြုံနဲ့ အလေ့အကျင့် ဖြစ်ပါတယ်” ဟု သူမက အခိုင်အမာပြောသည်။ ဤပွင့်လင်းလွတ်လပ်သည့် လုပ်ငန်းစဉ်၏ နောက်တွင် ပါဝင်ဆွေးနွေးသူများ၏ စကားသံများကို နားစိုက်ထောင်ပေးပြီး တံတားတစင်း ဆောက်ရန် ၊ လမ်း နှစ်စင်း ဖောက်ရန် နှင့် ရေကန် တကန် ပြုပြင်ရန်အတွက် ထောက်ပံ့ကြေးကို အသုံးပြုရန် သဘောတူလိုက်သည်။ ဒေါ်စောရီ၏ နယ်မြေခံလူထုအနေဖြင့် ကျန်းမာရေးဌာနများ ၊ စာသင်ကျောင်းများကဲ့သို့ အဓိကကျသော အများပြည်သူဝန်ဆောင်မှုနှင့် ပို၍ကောင်းမွန်စွာ အချိတ်အဆက်မိမိရှိလာမည့်အပြင် ရေရရှိမှုလည်း တိုးတက်လာပါမည်။

လူတဦးလျှင် ၁ ဒေါ်လာနှုန်းဖြင့် ဘာတွေ ဆောင်ရွက်နိုင်ပါသလဲ

UNDP ၏ ဒေသန္တရအုပ်ချုပ်ရေးအတွက် နည်းပညာအကြံပေးအရာရှိချုပ် အန်ခီဒဲလ်နာ့စ် က ရှင်းပြရာတွင် “ဒေသဖွံ့ဖြိုးရေးစီမံချက် သက်သက်မျှသာ မဟုတ်ပါဘူး။ အားလုံးတန်းတူ ပါဝင်နိုင်ပြီး စစ်စစ်စီစီ ၊ တာဝန်ခံမှုရှိရှိ ၊ ပွင့်လင်းမြင်သာတဲ့ပုံစံနဲ့ လူထုဆီကို အများပြည်သူဝန်ဆောင်ပေးဖို့ရာဖြစ်တဲ့ ဝတ္တရားကျေပြွန်အောင် ထမ်းဆောင်နိုင်ဖို့ ဒေသန္တရအစိုးရရဲ့ စွမ်းဆောင်ရည်ကို တိုးတက်လာစေမဲ့ စီမံချက်ဖြစ်ပါတယ်။ အစိုးရတာဝန်ရှိသူတွေရဲ့ သဘောထားခံယူချက်တွေကို ပြောင်းပစ်ဖို့ရာ ဖြစ်ပါတယ်။ ဒါမှသာ သူတို့လုပ်သမျှ အရာရာတိုင်းမှာ လူထုလိုအပ်ချက်ကို ဦးထိပ်ထားမှာဖြစ်ပါတယ်။”

UNDP က ၂၀၁၆ ခုနှစ်မှစတင်၍ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းမှသည် မြန်မာနိုင်ငံတနံတလျား တိုင်အောင် ဤဒေသဖွံ့ဖြိုးရေးနှင့် ဒေသန္တရအုပ်ချုပ်ရေး နမူနာပုံစံဖြင့် ဆောင်ရွက်လာခြင်းဖြစ်သည်။ ကဏ္ဍအလိုက် ဦးစီးဌာန အရာရှိများ ၊ ရွေးကောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ လွှတ်တော်အဖွဲ့ဝင်များ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ နှင့် အမျိုးသမီးဆယ်အိမ်စုခေါင်းဆောင်များစသည့် ပဓာနကျသော ဒေသန္တရအုပ်ချုပ်ရေးဆောင်ရွက်သူများအား ဤချဉ်းကပ်မှုနည်းလမ်းဖြင့် နှစ်ပတ်လည် မြို့နယ်စီမံကိန်းနှင့် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းသို့ အတူတကွ ခေါ်ဆောင်စုရုံးကြမည် ဖြစ်သည်။ လိုအပ်ချက်အခြေပြုခွဲဝေချထားခြင်း ဖော်ြမူလာအရ ပျမ်းမျှ လူ ၁ ဦးလျှင် ၁ ဒေါ်လာနှုန်း ထောက်ပံ့ကြေးကို စီမံချက်ဝင်မြို့နယ်များသို့ ပံ့ပိုးထားပါသည်။

ဓါတ်ပုံ - UNDP/ညီညီသစ်

ထောက်ပံ့ကြေးမှာ အမည်ခံရုံမျှသက်သက်မဟုတ်ဘဲ ရခိုင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းတွင် ထင်ဟပ်မိလျက်ရှိပြီး ရခိုင်ပြည်နယ်လူထုအတွက် အများပိုင်သယံဇာတများဖြစ်လာသည်။ UNDP ၏ အများသဘောဆန္ဒပြုစီမံကိန်းရေးဆွဲမှုဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ဆင့်ပွါးကူးယူကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထည့်ဝင်ရန်ပုံငွေဖြင့် အခြားသောမြို့နယ်များကိုပါ ထည့်သွင်းပြီး တိုးချဲ့လုပ်ဆောင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရက ကတိကဝတ်ပြုသည်ကို ထောက်ရှု၍ လက်ရှိဆောင်ရွက်ဆဲ “အများသဘောဆန္ဒပြု မြို့နယ်စီမံကိန်း” နည်းနာနိဿယက ရခိုင်ပြည်နယ်အတွက် အထူးသင့်လျော် အသုံးဝင်သည်ကို တွေ့ရသည်။ ပညာရပ်ပိုင်းဆိုင်ရာအကူအညီကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ရန်ပုံငွေကို မြို့နယ်ဖွံ့ဖြိုးရေးအတွက် မကြာမီအနာဂတ်ကာလတွင် အသုံးပြုမည်ဖြစ်သည်။

ရှေ့တွင်ဆောင်ရွက်မည့် တာဝန်များမှာ အခက်အခဲကင်းမည်မဟုတ်ကြောင်း ဒေါ်စောရီနှင့် ဒေါ်အုန်းရွှေတို့က သိကြသည်။ သို့သော် နယ်မြေခံလူထုများအနေဖြင့် နောင်နှစ်အနည်းငယ်ကြာ သည့်အခါ လက်ရှိကာလသို့လည်ပြန်ငဲ့ကြည့်ကြမည်ဆိုလျှင် နယ်မြေခံလူထု၏ စကားသံများအား ကိုယ်စားပြု၍ အားလုံးတန်းတူပါဝင်ခွင့်နှင့် ဝင်ရောက်ဆောင်ရွက်ခွင့်အတွက် ရှေ့ဆောင်လမ်းပြ ခဲ့သည့် အမျိုးသမီးများအနေဖြင့်သာမက ရခိုင်ပြည်နယ်တွင်း ကျား/မ တန်းတူညီမျှရေးနှင့် ဒေသန္တရဒီမိုကရေစီစနစ်အတွက် မှန်ကန်သည့် လမ်းစဖောက်သူစစ်စစ်များအဖြစ်ပါ သူမတို့အား ပြန်လည်အမှတ်ရစေလိုကြသည်။

ဓါတ်ပုံ - UNDP/ညီညီသစ်