ရှမ်းပြည်နယ်အစိုးရ၏ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် UNDP နှင့် မိတ်ဖက်များ ပံ့ပိုးကူညီ

2020- July 28


ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံရှိ အကြီးမားဆုံး အုပ်ချုပ်ရေးဒေသ ဖြစ်ပြီး အရှေ့မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တို့တွင် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း အသီးသီး ထိစပ် လျှက်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများသို့ အလုပ်လုပ်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှမ်းပြည်နယ်မှတစ်ဆင့် ကူးချည်သန်းချည် သွားလာခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာချီ၍ ကြာမြင့် ခဲ့ပြီဖြစ်ပါသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားလာသောအခါ အိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေးများ နှေးကွေး ကျဆင်းသွားခြင်းနှင့်အတူ မြန်မာနိုင်ငံသားများ ထောင်သောင်းချီ၍ ရှမ်းပြည်နယ်ရှိ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာကြပါသည်။ ထိုအတွက်ကြောင့် ပြည်နယ်တွင်းရှိ ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွား နိုင်ခြေ အန္တရာယ်မှာ သိသိသာသာ မြင့်မားလာ စေခဲ့ပါသည်။ ပြည်နယ်အစိုးရသည် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့အထိ အသွားအလာ ကန့်သတ်စောင့်ကြည့်သည့်နေရာပေါင်း ၃၇၂ နေရာတွင် စောင့်ကြည့်လူနာ ၁၀၃၀ ဦးကို စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။ 

ထို့ပြင် ပြည်နယ်အစိုးရသည် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် သတင်း အချက်အလက်များ ဖြန့်ဝေပေးသည့် အများပြည်သူအသိပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။ 

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် ပြည်နယ်အစိုးရ၏ ဇွန်လ နောက်ဆုံးပတ်မှ စတင်ခဲ့ပြီး စက်တင်ဘာလဆန်းအထိ သီတင်းပတ်ရှစ်ပတ်ကြာ ကိုဗစ်- ၁၉ ကပ်ရောဂါ အသိပညာပေးအစီအစဉ် တွင် ကူညီပံ့ပိုးပေးနေပါသည်။ ထိုအသိပညာပေးအစီအစဉ်အား တောင်ကြီး၊ကလော၊လွိုင်လင်၊ဆီဆိုင်၊ ကျိုင်းတုံ၊ တာချီလိတ်၊ ကျောက်မဲနှင့် မူဆည် စသည့် မြို့နယ်ရှစ်မြို့နယ်တွင် ဆောင်ရွက်နေပါသည်။ UNDP သည် မြို့နယ်များနှင့် ဉီးတည်အုပ်စုများအား ရွေးချယ်နိုင်ရန် အစိုးရအား ကူညီပေးခဲ့ပါသည်။ “နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားအရေအတွက် များပြားသော၊ ဈေးများ၊ စားသောက်ဆိုင် များနှင့် စာသင် ကျောင်းများကဲ့သို့ လူအသွားအလာများသော နေရာများ အများ အပြားရှိသည့် မြို့နယ် များကို ရွေးချယ် ခဲ့ကြောင်း၊ အိမ်ရှင်မများ၊ ကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ ဆရာ များသာမက ပြည်သူများအပါအဝင် အများပြည်သူကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ ပညာ ပေးနိုင်အောင် တတ်နိုင် သမျှ ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း” ရှမ်းပြည်နယ်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ၏ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆိုပါသည်။

ဤအသိပညာပေးအစီအစဉ်ကို ဩဂုတ်လ နောက်ဆုံးသီတင်းပတ်နှင့် စက်တင်ဘာလ ပထမပတ်တို့တွင် ပြန်လည်စတင်မည်ဖြစ်ပါသည်။ UNDP ၏ ရှမ်းပြည်နယ်အတွက် နယ်မြေတာဝန်ခံ ညှိနှိုင်းရေးမှူး ဖြစ်သူ ဦးအောင်လင်းက “အသိပညာပေးအစီအစဉ်၏ ဒုတိယပိုင်းကို ဩဂုတ်လ နောက်ဆုံးပတ် တွင် စတင်မည်ဖြစ်ပြီး စက်တင်ဘာလ ပထမပတ်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအကြိမ်တွင် အစိုးရကျောင်းများကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးချယ်ထား သော မြို့နယ်များအတွင်းရှိ အလယ်တန်းနှင့် မူလတန်းကျောင်း ၆၀ နီးပါးတွင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ အများပြည်သူအသုံးပြုရာ နေရာပေါင်း ၁၃၆ ခုတွင် အသိပညာပေးမှုအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း” ” ပြောကြားပါသည်။

အသိပညာပေးအစီအစဉ်တွင် စုစုပေါင်း ဈေး ၂၄ ဈေး၊ အစိုးရစာသင်ကျောင်း ၈၈ ကျောင်းနှင့် စားသောက်ဆိုင် ၂၄ ဆိုင်တို့ ပါဝင်ပြီး နှာခေါင်းစည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ အကြောင်း အသိပညာပေးစာစောင်များ ဖြန့်ဝေပေးပါသည်။ UNDP နှင့်အတူ UNICEF နှင့် ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်း ပါဝင်ကူညီပေးလျက်ရှိပြီး မြို့နယ် ရှစ်မြို့နယ်မှ လူပေါင်း ၅၀,၀၀၀ နီးပါးကို အသိပညာဖြန့်ဝေပေးရန်ရည်မှန်းထားပါသည်။